#Nightmare

#Nightmare - 1 အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ Nightmare မြို့လေး။ မြို့ဆိုရုံသာသာ မြို့လေးဖြစ်သည်။ နယ်မြို့ဖြစ်သလို စည်ကားသောမြို့မဟုတ်၍လည်း မြို့လေးသည် အချိန်တိုင်း တိတ်ဆိတ်ငြိမ်သက်နေတတ်သည်။ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ခြင်း မရှိ၍လဲ မြို့လေး၌ night club များ ပျော်ပွဲစားရုံများမရှိ။ မြို့လေး၌ မနက်ဆို ကော်ဖီဘားလေးတစ်ခုနှင့် ညဆို အရက်ဘားတစ်ခုစီသာရှိသည်။ ရုပ်ရှင်ရုံဆိုသည်မှာလဲ ပိတ်ထားသည်မှာ ကြာမြင့်လှပြီ။ ဆေးရုံဆိုသည်မှာလဲ ဆေးကုရသည် မရှိလှ၍ ဆရာဝန်နှင့်တကွ ဆေးရုံဝန်ထမ်းများ အလွန့်အလွန်ကို အားလပ်ရက် ရကြသည်။ အမဲလိုက်ရာသီတွင်သာ တစ်ခါတလေ အမဲလိုက်ရင်း ထိခိုက်ဒဏ်ရာ ရလာသူ တစ်ချို့တလေကိုသာ ဆေးကုပေးရ၏။ ဘဏ်တစ်ခု ရှိသော်လည်း လကုန်ခါနီးနှင့် လကုန်ပြီးစ နောက်ရက်တို့တွင်သာ အလုပ်များပြီး ကျန်အချိန်များတွင် ဘာအလုပ်မှမရှိ၍ ပိတ်ထားရသည်က များသည်။ တစ်ခုတည်းသော စတိုးဆိုင်လေးနှင့် ဓါတ်ဆီဆိုင်လေးသာ ရောင်းဝယ်ဖောက်ကားမှု အားကောင်း၏။ အမဲလိုက်ရာသီဆို ထိုစတိုးဆိုင်လေးသည် တိုးဝှေ့ပြီး ဝယ်ရသည်အထိ အားပေးကြမ်းကြ၏။ မြို့အဝင်က သင်္ချိုင်းလေးသည် တိတ်ဆိတ်ငြိမ်သက်နေသကဲ့သို့ မြို့လေးသည်လဲ အလွန်ကို တိတ်ဆိတ်ငြိမ်သက်လွန်းလှ၏။ အမှုအခင်းဆို၍လဲ ဘာမှမရှိ။ ရဲစခန်းက ရဲများပင် ပျင်းလှ၏။ ဤမြို့လေးရှိ ရဲစခန်းတွင် အရာရှိစစ်သည် ငါးဦး၊ တပ်သား ဆယ်ဦးရှိ၏။ နယ်မြို့တစ်မြို့အနေနှင့်တော့ အလွန်ကို များပြားသော အင်အားဖြစ်သည်။ စခန်းမှူးမှာ ရဲအုပ်ကြီး စမစ်စ်ဖြစ်၍ စကားနည်းသလောက် ဒေါသကြီးသည်။ သူ့စခန်းရှိလူများက သူ့နောက်ကွယ်တွင် ဒေါသအိုး၊ ငါးပူတင်း စဖြင့် နောက်ပြောင်ခေါ်ဆိုကြသည်။ သူ့လက်အောက်တွင် ဒုရဲအုပ် နှစ်ဦးရှိ၍ တစ်ဦးက မိန်းကလေးဖြစ်ကာ နာတာလီယာဟု အမည်ရသည်။ နောက်တစ်ဦးမှာ မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ဂျွန်စ်ဖြစ်သည်။ မြန်မာအမည်မှာ ဘရမ်စိုင်းဖြစ်သည်။ ဘရမ်စိုင်းသည် အဖေရှမ်း၊ အမေ ဓနုလူမျိုးဖြစ်၍ ဤနိုင်ငံ၌ မွေးဖွားကြီးပြင်းခဲ့သည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ မိဘများက အစိုင်းဟုခေါ်ကြသည်။ ဘရမ်စိုင်းဟု အမည်ရလာပုံမှာ ဘရမ်ဒီအရက်ကိုသာ စွဲမြဲစွာ သောက်တတ်သောကြောင့် ဘရမ်စိုင်းဟူသော အမည်သစ်ရလာခြင်းဖြစ်သည်။ ဘရမ်စိုင်း(ဂျွန်စ်)သည် သေနတ်ပစ် ဝါသနာပါ၍ အမေရိကန် မရိန်းတပ်၌ စစ်မှုဝင်ထမ်းနေစဉ် ဖခင်ဆုံးပါးသွားသောကြောင့် တပ်မှထွက်ကာ ဇာတိမြို့လေးကို ပြန်လာ၍ တစ်ဦးတည်းကျန်ရှိနေသော မိခင်အား စောင့်ရှောက်ခဲ့၏။ ထိုသို့ မိခင်ကို ပြုစုစောင့်ရှောက်နေစဉ် ရဲအုပ်ကြီးစမစ်စ်နှင့် မြို့မိမြို့ဖများက ဘရမ်စိုင်းအား ရဲတပ်ဖွဲ့သို့ ဝင်ပါရန် အိမ်အထိ လာခေါ်သောကြောင့် ဝင်လိုက်ခြင်းဖြစ်သည်။ နာတာလီယာမှာမူကား ဒီမြို့ဇာတိမဟုတ်။ အရီဇိုးနားပြည်နယ်မှ တာဝန်ဖြင့် ပြောင်းရွေ့လာသော အရာရှိတစ်ဦးဖြစ်သည်။ စခန်း၌ အမျိုးသမီးဆို၍ သူမသာရှိသည်။ ထို့ကြောင့် စမစ်စ်က ဒုရဲအုပ်နှစ်ဦးကို အဖွဲ့နှစ်ဖွဲ့ ဖွဲ့စေကာ တစ်ဖွဲ့လျှင် အရာရှိအပါအဝင် လူလေးယောက်အဖွဲ့အဖြစ်ဖွဲ့စည်းကာ မြို့အတွက် လိုအပ်လာလျှင် သူတို့နှစ်ဖွဲ့အား စေလွှတ် စုံစမ်းစေ၏။ သူတို့တစ်ဖွဲ့စီတွင် ဒုရဲအုပ်တစ်ယောက်စီနှင့် ဆာဂျင်တစ်ယောက်စီ ထည့်ပေးထား၏။ ကျန်နှစ်ယောက်မှာ တပ်သားများဖြစ်သည်။ တပ်သား ဆယ်ဦးမှာ လေးဦးကို သူတို့နှစ်ဖွဲ့အား ပေးထားပြီး ကျန်ခြောက်မှာ နှစ်ယောက်တစ်တွဲဖြင့် မြို့ထဲနှင့်မြို့ပြင်တို့တွင် အလှည့်ကျ ပတ္တရောင် လှည့်ရ၏။ မနက်နှင့်ည အလှည့်ကျ လှည့်ရခြင်းဖြစ်သည်။ ပတ္တရောင် လှည့်ရသော အဖွဲ့မှ လွဲ၍ ကျန်အဖွဲ့သားများ အရာရှိများမှာ တစ်နှစ်တာပတ်လုံးနီးပါး အနားရကြ၏။ တစ်ကယ့်ကို နေချင်စဖွယ်ကောင်းသော မြို့လေးပါ။ စခန်းမှူးကြီးမှာ မိသားစုမရှိ၊ တစ်ကိုယ်တည်းသမားဖြစ်၍ သူ၏အိမ်၌မနေ။ စခန်း၌သာနေ၏။ စခန်းရုံးခန်းသည် သူ့အတွက် အိမ်ဖြစ်နေတော့သည်။ "ဝုန်း ဝုန်း ဝေါ ဝူး ဝူး ဝေါဝေါ" "ကွာ မိုးကလည်း သည်းလိုက်တာ။ ဒီညတော့ အိပ်ကောင်းတော့မယ်။ ဘရမ်ဒီလေး နှစ်ကျိုက်လောက် သောက်ပြီးရင် အေးဆေးအိပ်ရုံပဲ" ဘရမ်စိုင်း တစ်ကိုယ်တည်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ မိုးက အချိန်အခါမဟုတ် ထရွာ၏။ ညနေငါးနာရီလောက်ကတည်းက ရွာနေခြင်းဖြစ်သည်။ အမေ့၏ အခန်းကို သွားကြည့်တော့ အိပ်ဆေးတန်ခိုးဖြင့် အမေအိပ်နေပြီ။ ဘရမ်စိုင်း မအိပ်ခင် အိမ်တံခါးများ လှည့်ပတ်စစ်ဆေးလိုက်သည်။ အိုကေပြီဆိုမှ မအိပ်ခင် ဘရမ်ဒီလေး နှစ်ပက်အား ရေခဲလေးရော၍ ကစ်လိုက်သေးသည်။ အိပ်ယာထဲရောက်၍ မလှဲခင် ဘုရားအရင်ရှစ်ခိုးလိုက်သည်။ ပြီးနောက် သရဏဂုံတည်သည်။ အရက်သောက်ပြီးမှ ဘုရားရှစ်ခိုးသည်ကို မည်သူကမျှ ဘာဖြစ်သည် ညာဖြစ်သည်ဟု ဘရမ်စိုင်းအား မဘလိမ်း။ ဒါက ဒီနိုင်ငံမို့လို့ဖြစ်သည်။ ထို့နောက် ဘရမ်စိုင်း အိပ်မောကျသွားသည်။ "တီ တီ တီ" တတီတီနှင့် အသံရှည်ဆွဲ၍ ဖုန်းသံမြည်နေ၍ ဘရမ်စိုင်း အိပ်နေရင်းမှ ဖုန်းကိုင်လိုက်ရသည်။ ကိုင်သာကိုင်လိုက်ရသည်။ မျက်စိက မဖွင့်နိုင်သေး။ "Hello" "ဂျွန်စ်" အသံကြားတာနှင့် ဘယ်သူမှန်း တန်းသိလိုက်သည်။ "ဟုတ်ကဲ့ စခန်းမှူးကြီး။" "အိပ်နေပြီလား" "ဟုတ်ကဲ့" "အေး အားတော့နာတယ်ကွာ။" "ပြောပါ စခန်းမှူးကြီး" "ပတ္တရောင်အဖွဲ့က သတင်းပို့တယ်" "ဟုတ်ကဲ့ ထူးခြားဖြစ်စဉ် ရှိလို့လားခင်ဗျ" "အေး မြို့အဝင်က ပိတ်ထားတဲ့ တည်းခိုခန်းမှာ မီးရောင်တွေ့လို့တဲ့" "ဗျာ" ဟုတ်ပါသည်။ မြို့အဝင်ဝက သင်္ချိုင်းသာမက ထိုသင်္ချိုင်းကို လွန်လာပါက တည်းခိုခန်းတစ်ခုကို တွေ့ရပေမည်။ ထိုတည်းခိုခန်းမှာ ပိတ်ထားပါသည်။ တည်းခိုခန်းဟု ခေါ်သော်လည်း ယခုခေတ် တည်းခိုခန်းများစတိုင်လ်မဟုတ်။ ၁၉ရာစုနှစ် အိမ်ကြီးပုံစံဖြစ်၍ ခြံဝင်းကျယ်ကြီးထဲတွင် ထိုတည်းခိုဆောင် အိမ်ကြီးရှိနေခြင်းဖြစ်သည်။ ပိုင်ရှင် မည်သူမှန်းလဲ မသိတော့။ မြို့ကိုလာမည့် ဧည့်သည်လဲမရှိ၍ တည်းမည့်သူလဲ မရှိ။ ပိတ်ထားသည်မှာလဲ ဒီမြို့က စခန်းမှူးကြီးသာမက မြို့မိမြို့ဖများ၏ တစ်သက်ပင်မက။ ဘယ်အချိန်ကတည်းက ပိတ်ထားမှန်းပင် မသိကြတော့။ ယခု ထိုအိမ်ကြီးက (တည်းခိုခန်း) မီးလင်းနေသည်တဲ့လား။ "ဒီတစ်ခေါက်က မင်းတို့အဖွဲ့ အလှည့်မဟုတ်လား" ဟုတ်ပါသည်။ လွန်ခဲ့သော တစ်ပါတ်က မြို့အနောက်တွင် ရှိသော ချက်စ်ကျောင်းမှ ခေါင်းလောင်းမြည်သံ ကြားခဲ့သည်။ ထိုကျောင်းတွင် မည်သည့် သင်းအုပ်ဆရာမျှ မရှိ။ ပိတ်ထားသည်မှာ ကြာမြင့်လှချေပြီ။ ခေါင်းလောင်းထိုးမည့်သူလည်း မရှိ။ ထိုချက်စ်ကျောင်းသည်လည်း ယခုတည်းခိုဆောင်ကဲ့သို့ပင် မြို့နှင့် အလှမ်းဝေးလှ၏။ ထိုသို့ ခေါင်းလောင်းမြည်သည်ကို နာတာလီယာနှင့်အဖွဲ့ သွားစစ်ဆေးခဲ့ပြီးပြီ။ သူမတို့ရောက်တော့ ခေါင်းလောင်းက လှုပ်ခါနေဆဲဖြစ်ပြီး ခေါင်းလောင်းထိုးသူကို ရှာမတွေ့ကျ။ သူမတို့ ကောက်ချက်ချသည်မှာ မြို့ထဲက ကလေးတစ်ချို့ အပျော်တမ်း ခေါင်းလောင်းထိုးသွားကြသည်ဟုသာ။ စနောက်ခြင်းဖြစ်မည်ဟု သဘောထားလိုက်ကြသည်။ "ဟုတ်ပါတယ် စခန်းမှူးကြီး ကျွန်တော်တို့ အဖွဲ့အလှည့်ပါ။" "အေးကွာ မိုးကလည်း ကောင်းလိုက်တာ။ မတတ်နိုင်ဘူး။ သွားစစ်လိုက်ပါဦး။ တည်းခိုဆောင်နားမှာ ပတ္တရောင်အဖွဲ့ အမှတ်(၂)တို့ ရှိနေတယ်။" "ဟုတ်ကဲ့" ထို့နောက် ဖုန်းချသွားသည်။ သူ မထချင်ပါ။ ကျိန်းသေသည်။ သူ့အဖွဲ့သားများလည်း ထချင်မည်မဟုတ်။ အားလုံးမှာ အိမ်ထောင်သည်များဖြစ်ကြ၍ မိုးအေးအေးနှင့် ကွေးချင်ကြပေမည်။ လူလွတ်ဖြစ်တဲ့သူတောင် အိပ်ယာထဲက မထချင်၊ စောင်ကို မခွါချင်သေးတာလေ။ မတတ်နိုင်တော့။ တာဝန်က တာဝန်သာဖြစ်သည်။ သူ့ရဲဘော်များအား တစ်ဦးချင်း ဖုန်းကြိုဆက်ထားလိုက်သည်။ နာရီကြည့်တော့ မနက် သုံးနာရီသာ ရှိသေးသည်။ ပြင်ဆင်စရာရှိတာများ ပြင်ဆင်ပြီးနောက် အဖွဲ့သားများအားခေါ်၍ မြို့ပြင်ရှိ အိမ်ကြီးသို့ သွားရန်ပြင်လိုက်သည်။ မသွားခင် အမေ့အခန်းအား ဝင်ကြည့်တော့ အမေက အိပ်နေဆဲ။ အခန်းတွင်းရှိ လေပူစက်အား အနေတော်လေး ထားပေးလိုက်သည်။ ပြီးနောက် အိပ်ပျော်နေသော အမေ့အား ကန်တော့ကာ သူအိမ်မှ ထွက်လာလိုက်သည်။ ပထမဦးစွာ သူ့အိမ်နှင့်နီးသည့် တပ်ကြပ်ကြီး မူးဆဲအား ဝင်ခေါ်လိုက်သည်။ မူးဆဲက အမည်ရင်းမဟုတ်။ ဘရမ်စိုင်းပေးထားသော နာမည်သာဖြစ်သည်။ ထိုတပ်ကြပ်ကြီးက မူးလာရင် အားကြီးဆဲသည်။ အမူးပြေလျှင် သူမဟုတ်ကဲ့သို့ဖြစ်သွားသည်။ ပြီးနောက် တပ်သား တစ်ခွက်မှောက်အိမ်သို့ ဆက်သွားသည်။ ထိုရဲတပ်သားမှာ သောက်သက်ရင့်နေပြီဖြစ်သော်လည်း အခုထိ တစ်ခွက်ပဲသောက်နိုင်ပြီး မှောက်မှောက်သွား၍ဖြစ်သည်။ နောက်ဆုံးကျန်သည့် စောမူးဆီသွားသည်။ ထိုရဲတပ်သားကတော့ မိုးလင်းကတည်းက စောစောစီးစီး မူးနေတတ်သူဖြစ်သည်။ ထို့ကြောင့် ဘရမ်စိုင်းက စောမူးလို့ အမည်ပေးထားခြင်းဖြစ်သည်။ အနှစ်ချုပ်ပြောရလျှင် သူတို့တစ်ဖွဲ့လုံးသည် ငသောက်ကြီးများဖြစ်ကြသည်။ နာတာလီယာတို့အဖွဲ့က လူငယ်ခြေတက်တွေဖြစ်သလောက် သူတို့အဖွဲ့က သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းများဖြစ်သည်။ အဖွဲ့ထဲမှာ အသက်အငယ်ဆုံးက ဘရမ်စိုင်းဖြစ်သည်။ သူ့အသက်က အခုမှ သုံးဆယ်စွန်းရုံသာရှိသေးသည်။ အသက်အကြီးဆုံးက တပ်ကြပ်ကြီးဖြစ်သည်။ ငါးဆယ့်နှစ်နှစ်ရှိပြီဖြစ်သည်။ တစ်ခွက်မှောက်က လေးဆယ့်တစ်။ စောမူးက လူမည်းလူမျိုး။ အသက်က လေးဆယ့်ကိုးနှစ်ဖြစ်သည်။ စောမူးကို သွားခေါ်တော့ စောမူးဘေးအိမ်က နာတာလီယာပါ နိုးသွားပုံရသည်။ သူမ၏ အိမ်ရှေ့၌ ထွက်စောင့်နေသည်။ "ဂျွန်စ်" "ဟုတ်ကဲ့ နာတာလီယာ" "ဘာအရေးကြီးလို့လဲ ဂျွန်စ်။ ဒီလိုမိုးကြီးလေကြီး ကျနေတဲ့အချိန်ကြီး သွားရမယ်ဆိုတော့" "ကျွန်တော်လဲ သေချာမသိရသေးပါဘူး။ စခန်းမှူးကြီးပြောတာတော့ မြို့အဝင်ဝက တည်းခိုအိမ်ကြီး မီးတွေလင်းနေလို့တဲ့" "အို့စ် ဘယ်လ်ုဖြစ်တာပါလိမ့်။ အဲ့ဒါကြီးက ပိတ်ထားတာကြာပြီမဟုတ်လား" "အနှစ်တစ်ရာကျော်လောက်များ ရှိမလားပဲ။ ဟုတ်တယ် မဟုတ်လားမူးဆဲ" "ဟုတ်တယ် ဒီမြို့ကို စတင်တည်ထောင်သူ မိသားစုရဲ့ အိမ်လို့ သိရတယ်။ ပိတ်ထားတာ ဆယ်စုနှစ်တစ်စုများ ရှိပြီလားမသိဘူး။" "တည်းခိုသူလဲမရှိသလို နေထိုင်သူလဲမရှိဘူး။ ယုတ်စွအဆုံး အစောင့်တောင်မရှိဘူး" "ဒါဆို ဘာလို့ မီးတွေလင်းနေတာလဲ" "အဲ့ဒါကို သွားစစ်ရမှာလေ နာတာလီယာ။ ဟိုမှာ ပတ္တရောင်အဖွဲ့(၂)ရှိနေတယ်။" "ဪ သူတို့သတင်းပို့တာပေါ့" "ဟုတ်ပါတယ် နာတာလီယာ" "ကျွန်မတို့အဖွဲ့ အင်အားလိုက်ကူပေးရဦးမလား" "ကျေးဇူးတင်ပါတယ် နာတာလီယာ။ အခု အလှည့်က ကျွန်တော်တို့ အဖွဲ့ရဲ့ အလှည့်ပါ" "ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် မြို့အတွက်ဆို ကျွန်မ အမြဲအသင့်ရှိနေပါတယ်။" "အဲ့စိတ်ထားလေးအတွက်လဲ ကျေးဇူးပါ နာတာလီယာ။ နာတာလီယာရဲ့ ကျန်တဲ့အဖွဲ့သားတွေလဲ အိပ်ယာက ဘယ်ထချင်ပါ့မလဲ။ ကျွန်တော် နားလည်ပါတယ်။ ဒီနေ့က ကျွန်တော်တို့ တာဝန်ပါ။ ချက်စ်ကျောင်းတုန်းကလိုပဲ မြို့ထဲက စူးစမ်းချင်တဲ့ ကလေးတွေလဲဖြစ်နိုင်ပါတယ်။ စိတ်မပူပါနဲ့ နာတာလီယာ။ အကူအညီလိုအပ်ရင်တော့ ကျွန်တော် ဖုန်းဆက်လိုက်ပါ့မယ်။" "ကောင်းပါပြီ။ ဒါဆို ကျွန်မ အိမ်ထဲပြန်ဝင်လိုက်ပါဦးမယ်။ ရှင်တို့ ဘေးကင်းကြပါစေ ဂျွန်စ်" "မင်းရဲ့ ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ် နာတာလီယာ။ နွေးနွေးထွေးထွေးနေပါ" နာတာလီယာ အိမ်ထဲပြန်ဝင်သွားပြီးနောက် သူတို့လေးဦး တည်းခိုအိမ်ကြီးဆီ ထွက်ခဲ့ကြသည်။