Nightmare - 2

#Nightmare - 2 ဘရမ်စိုင်းတို့အဖွဲ့ ရောက်ရှိသွားတော့ အချိန်အားဖြင့် သုံးနာရီလေးဆယ့်ငါးမိနစ်ခန့် ရှိပါပြီ။ "ဟေး ဘာထူးသေးလဲ" "ဟုတ်ကဲ့ အရာရှိတို့ကလည်း ကြာလိုက်တာ။ ကျွန်တော်တို့ ဒီမှာစောင့်နေတာ တစ်နာရီကျော်လောက်ရှိပြီထင်တယ်။" "တောင်းပန်ပါတယ် မိုးကသည်းနေလို့ပါ" "ကျွန်တော်တို့ စခန်းပြန်မယ်ဆိုပြီး ပြန်လာတော့ ဒီတည်းခိုဆောင်ကြီးက မီးလင်းနေတယ်။" "လျှပ်စစ်မီးလား?" "မဟုတ်ပါဘူး ဖယောင်းတိုင်မီးလိုဟာမျိုးပါ" "အဲ့နောက်တော့ရော ?" "ကျွန်တော်တို့ ဝင်စစ်မလို့ပါပဲ ဒါပေမယ့် စခန်းမှူးကို အကြောင်းကြားလိုက်တော့ အရာရှိတို့အဖွဲ့ကို လွှတ်လိုက်မယ်ဆိုလို့ စောင့်နေခဲ့တာပါ။" "အားနာမိပါတယ်။ မင်းတို့အတော်ချမ်းနေမှာပဲ" "ဟုတ်ပ မိုးကလည်း အချိန်မဟုတ် အခါမဟုတ် ထရွာတာပဲ ရှီး" "ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲခင်ဗျ" "ငါတို့ ဝင်စစ်လိုက်ပါ့မယ်။ မင်းတို့ စခန်းပြန်လိုက်ပါ။" "ခင်ဗျာ" "မင်းတို့ မိုးတွေသည်းကြီးမည်းကြီး ရွာနေတဲ့ကြားထဲက ပတ္တရောင်လဲ လှည့်ပြီးပြီ။ စောင့်လဲစောင့်ကြည့်ပေးပြီးပြီ။ အခုတော့ အိမ်ပြန်ပြီး နွေးနွေးထွေးထွေး နားလိုက်ပါဦး။ ငါတို့အဖွဲ့တွေပဲ စစ်ဆေးလိုက်ပါ့မယ်။" "ကျေးဇူးပါ ဒုရဲအုပ်။ တခြားသူတွေကို လွှတ်လိုက်ရဦးမလား" "အခုလို ကူညီတာ ကျေးဇူးပါ။ လိုအပ်ရင် ဆက်သွယ်လိုက်ပါ့မယ်။ စခန်းသာ ပြန်လိုက်ပါတော့" "ဒါနဲ့ အခုကျတော့ အိမ်ကြီးက မှောင်နေပါလား" "အရာရှိတို့မလာခင် သုံးမိနစ်လောက်အလိုက မီးတွေမှောင်ကျသွားပြီး အော်သံတွေကြားတယ်" "ဟင် ဟုတ်လား" "ဟုတ်ကဲ့ ဒါကြောင့်ဝင်စစ်ရင်ကောင်းမလား စဉ်းစားနေတုန်း အခုလိုရောက်ရှိလာတာပါ။" "ဪ အေး အေး ကဲ ကဲ ပြန်လိုက်တော့" အမှတ်(၂)အဖွဲ့ ကားထွက်သွားတော့မှ သူတို့အဖွဲ့ ခြံဝင်းထဲဝင်ရန် ကြိုးစားလိုက်ကြသည်။ "ဘရမ်စိုင်း သော့က ငါးလုံးတောင် ခတ်ထားတာပဲ။ ကျော်ဝင်မှရမယ်ထင်တယ်။" "တောထဲမှာ သုံးတဲ့ နဖူးစီးဓါတ်မီး ယူသွားကြမယ်။ အဲ့ကောင်လေးတွေရဲ့ အလင်းအားက တစ်မိုင်လောက်အထိ သွားနိုင်တယ်မဟုတ်လား" "ဒီထပ် ပိုသွားနိုင်ပါတယ်" "ကဲ လိုလိုမယ်မယ် သေနတ်တွေ ကျည်ထိုးထား။ မောင်းထိန်းခလုပ်တော့ ပိတ်ထား။ နံပါတ်တုတ်ပဲ အရန်သင့်ကိုင်ထား။ အဆင်သင့်ဖြစ်ရင် ဝင်ကြမယ်။" "သေနတ်က ဘာလုပ်မှာလဲ။ အထဲက လူပျော်လေးတွေဖြစ်မှာပါ။ ကျဉ်စက်သေနတ်ပဲ ယူသွားမယ်လေ။" "ဟုတ်တယ်ဘရမ်စိုင်း သေနတ်က အန္တရာယ်ကြီးတယ်။ ကျဉ်စက်သေနတ်ပဲ ယူရအောင်။" "အိုကေလေ" အားလုံး ယူစရာရှိတာ ယူကြသည်။ ဘရမ်စိုင်းကတော့ လိုလိုမယ်မယ်ဆိုပြီး သေနတ်ကို ခါးကြားထိုးလာသေးသည်။ ဘယ်သူ့ကိုမှတော့ မပြောဖြစ်။ ခြံစည်းရိုးကျော်ဝင်လိုက်ကြသည်။ ခြံထဲတွင် မြက်တွေက တောထနေသည်။ လူတစ်ရပ်နီးပါးရှိသည့် မြက်ပင်ရှည်ကြီးများက ဘရမ်စိုင်းတို့အဖွဲ့ကို အိမ်ကြီးဆီမသွားနိုင်အောင် ဟန့်တားနေကြသလိုဖြစ်နေသည်။ "မြက်တွေကလည်းကွာ ရှည်လိုက်တာ။ ဘာမြေဩဇာများ ကျွေးထားပါလိမ့်" "သဘာဝပါကွာ။ မရိတ်တာကြာလို့ပါ။ မင်းမုတ်ဆိတ်တွေလဲ မရိတ်ပဲပစ်ထားကြည့်ပါလား။" "တော်သေးတယ် မြက်တွေက မရှလို့" "မိုးအပြင် လေပါပါတော့ တော်တော်အေးတာနော်" "ရှီးကွာ ဒီအချိန် ဝီစကီလေး ပက်လိုက်ရရင်" "ရှယ်ကောင်းပေါ့ဗျာ" "ဘရမ်ဒီတော့ပါတယ်ဗျ" "ဟေ တာဝန်ချိန်ကြီးကို ယူလာတာလား" "ချမ်းလွန်းလို့ပါ" "ဒါတော့ ဒါပေါ့ကွာ ဒါပေမယ့် ......." "နည်းနည်းလောက်တိုက်ကွာ" "ရေမပါလာဘူး" "မိုးရေရှိတယ်လေ" "ရေခဲရေထက် ပိုအေးတယ်နော်။" လေးယောက်သား စကားတပြောပြောနဲ့ တစ်ယောက်တစ်ငုံစီမော့သောက်ရင်း အိမ်ကြီးအနားကပ်ခဲ့ကြသည်။ "အိမ်ကြီးက သော့ခတ်ထားတယ်ဗျ။ ဒီလူတွေ ဘယ်အပေါက်က ဝင်ပါလိမ့်" "အပေါက်တော့ ရှိလိမ့်မယ်။ ရှာကြရအောင်" "တောက်စ် အေးအေးချမ်းချမ်း မကွေးရဘူးကွာ။ တွေ့မှ နားရင်းတွေ ပိတ်တီးဦးမယ်။" မူးဆဲတစ်ယောက် အတော်ထွက်နေပြီ။ ကျန်သူများလည်း ထိုသို့ဖြစ်နေမှာ သေချာသည်။ ထိုစဉ် အိမ်ကြီး၏ ဘေးဘက်ခြမ်းအား (ခေါင်းရင်းဖြစ်လောက်သည်) သွားစစ်ဆေးနေသည့် တစ်ခွက်မှောက်က အော်လိုက်သည်။ "ဒီမှာ ပြတင်းတံခါး ပွင့်နေတယ်ဟေ့" အားလုံး ထိုအပေါက်သို့ စုသွားလိုက်သည်။ ဟုတ်သည်။ သို့သော် အပေါက်က မြေပြင်မှဆို အနည်းငယ်မြင့်နေသည်။ ထို့ကြောင့် သူတို့ ကုပ်ကပ်၍တက်ရပြန်သည်။ မူးဆဲတော့ မမူးပဲ ဆဲချေပြီ။ 🤬🤬🤬🤬🤬🤬🤬 အထဲရောက်တော့ အိမ်ကြီးက အပြင်ကကြည့်တာထက် ပို၍ကြီးမားကျယ်ဝန်းလှသည်။ နဖူးမီးတဝင်းဝင်းနှင့် အိမ်ထဲလိုက်ကြည့်သည်။ လူရှိသည့် အရိပ်အယောင်ပင် မပေါ်။ "ကဲ မူးဆဲ ကျွန်တော်တို့ လူခွဲရအောင်။ အောက်ထပ်ကို နှစ်ယောက်စစ်မယ်။ အပေါ်ထပ်ကို နှစ်ယောက်စစ်မယ်။ ကျဉ်စက်သေနတ်ကို အဆင်သင့်ကိုင်ထား" "မလိုလောက်ပါဘူး ဘရမ်စိုင်းရာ။ ကဲ တစ်ခွက်မှောက် ငါနဲ့လိုက်ခဲ့။ ဘရမ်စိုင်း ငါတို့အပေါ်ထပ်စစ်လိုက်မယ်" ပြောပြောဆိုဆို မူးဆဲနှင့် တစ်ခွက်မှောက်တို့ အပေါ်ထပ်သို့ တက်သွားသည်။ အမှန်တော့ မူးဆဲသည်သာ တင်းနေသည်မဟုတ်။ ဘရမ်စိုင်းတို့လဲ တင်းနေကြသည်။ အိပ်ရေးပျက်အောင်၊ မိုးမိအောင်လုပ်သော ထိုလူနောက်လေးများကို တွေ့ရင် မှတ်လောက်သားလောက်အောင် တီးချင်နေကြသည်။ ဘရမ်စိုင်းနှင့်စောမူးတို့နှစ်ယောက် သတိအနေအထားဖြင့် အောက်ထပ်ကို ပတ်စစ်နေကြသည်။ "ဘရမ်" "ဟင်" "မင်း သတိထားမိလား" "ဘာကိုလဲ" "စွန့်ပစ်ထားတာ ကြာလှပြီဖြစ်တဲ့ အိမ်ကြီးထဲမှာ မြေကြွက်ကြီးတွေ လင်းနို့တွေ ခိုအောင်းတတ်ကြတယ်။ အခု တစ်ကောင်တစ်မှီးမှ မရှိဘူး" "ဟို လူနောက်တွေကြောင့် ဖြစ်မှာပေါ့" ထိုအချိန် အပေါ်ထပ်တွင်လည်း .... "တပ်ကြပ်ကြီး မူးဆဲ" "ဘာလဲ" "ကျွန်တော်တို့ ဓါတ်မီးတွေက အလင်းအားတအားကောင်းတာ" "အေးလေ" "အခု ဒီအိမ်ထဲမှာတော့ သိပ်မလင်းသလိုပဲ" "မှောင်လွန်းအားကြီးလို့ ဖြစ်မှာပေါ့" "မှောင်တာနဲ့ မတူတော့ဘူး မိုက်လွန်းနေပြီ" "ဘာပြောတာလဲ" "မှောင်မိုက်တာ။ မကောင်းဆိုးဝါးရဲ့ အမှောင်ထု ကြီးစိုးနေသလို ခံစားရတာ" "မကောင်းဆိုးဝါးဆိုတာ ကလေးတွေ အိပ်ယာမဝင်ရင် ခြောက်လှန့်တဲ့ ပုံပြင်တွေပါကွာ။ ငါ့အသက် ငါးဆယ်ကျော်ပြီ။ ဘာမကောင်းဆိုးဝါးမှ မမြင်ဖူးဘူး။ မင်းရော မြင်ဖူးလား" "ဟင့်အင်း" "ဒါများကွာ ဘာတွေကြောက်နေတာလဲ" "ချလွင် ဂလွမ် ဂလောက်" "ဘာတွေ တိုက်မိတာလဲဟ" စကားတပြောပြောနဲ့ သွားနေလိုက်တာ။ မလင်းမမှောင်လေးထဲ အရာဝတ္ထုတစ်ချို့ကို ခလုပ်တိုက်မိသည်။ မီးထိုးပြီး ငုံ့ကြည့်လိုက်တော့ အရက်ပုလင်းများ၊ ဘီယာဘူးခွံများနှင့် ဆေးရှူသည့်ပြောင်းတံများကို တွေ့လိုက်ရသည်။ "တွေ့လား လူပျော်လေးတွေ ဒီမှာ လာသောက်စားဆနကြတာ။ သူတို့ကတော့ အပျော်ပဲ။ ငါတို့က ပင်ပန်းရတယ်။ တွေ့မှကွာ" "ဟိတ် ဘယ်သူလဲ" တစ်စုံတစ်ယောက်က သူတို့ကို ကျော်တက်၍ အခန်းတစ်ခုထဲ ပြေးဝင်သွားသည်ဟု တစ်ခွက်မှောက် ထင်လိုက်သည်။ "ဘာလဲ ဘာလဲ ဘာတွေ့လိုက်လို့လဲ" "တစ်ယောက်ယောက် ကျွန်တော်တို့ကို ကျော်တက်ပြီး ဟိုအခန်းထဲ ပြေးဝင်သွားတယ်။" တစ်ခွက်မှောက် ပြသည့်အခန်းအား မူးဆဲမှ ဒေါသသံဖြင့် ဆဲဆိုရင်း ဆွဲဖွင့်လိုက်သည်။ အခန်းထဲ၌ ဘယ်သူမျှ ရှိမနေပါ။ သို့သော် မူးဆဲနှင့် ခပ်လှမ်းလှမ်းတွင်ရပ်နေသော တစ်ခွက်မှောက်တို့ ကြားထဲသို့ တစ်စုံတစ်ယောက် ပြေးဝင်လာသည်။ လက်မြန်သော တစ်ခွက်မှောက်က ကျဉ်စက်သေနတ်ဖြင့် လှမ်းပစ်လိုက်သည်။ သို့သော် ထိုလူကို ဖောက်ထွက်သွား၍ မူးဆဲအား ကျဉ်စက်သေနတ်ထိသွားသည်။ မူးဆဲ ပစ်လဲသွားသလို တစ်ခွက်မှောက်လဲ အံ့ဩသွားသည်။ လူတစ်ယောက်လုံးကို ဖောက်ထွက်သွားသည်မှာ ဝိဉာည်မို့လို့များလား။ ထိုစဉ် အလယ်ကအရိပ်က တစ်ခွက်မှောက်ဆီ ပြေးဝင်လာသည်။ မီးရောင်အောက်တွင် မြင်လိုက်ရသည်က ... "အား" တစ်ခွက်မှောက်၏ အော်သံကို အောက်ထပ်တွင် လိုက်စစ်နေသော ဘရမ်စိုင်းတို့ ကြားလိုက်ရသည်။ ကြားလိုက်ရခြင်းခြင်း အပေါ်ထပ်သို့ ပြေးတက်ဖို့အလုပ် အခန်းတစ်ခုမှ လူတစ်ယောက်ပြေးထွက်လာကာ ဘရမ်စိုင်းကို ဖက်ထားရင်း "ကယ်ပါ ကယ်ပါ ကျွန်တော့်ကိုကယ်ပါ။ ဒီအိမ်ကြီးထဲက ခေါ်ထုတ်သွားပေးပါ။ ကျွန်တော် မသေချင်သေးဘူး" "ဟေ့ မင်း ဘယ်သူလဲ။ မင်းတစ်ယောက်ထဲလား" "ကျွန်တော် မသေချင်သေးဘူး။ ကျန်တဲ့လူတွေ သေကုန်ပြီ။ ကျွန်တော်တို့ မဖွင့်သင့်တဲ့ တံခါးတစ်ခု သွားဖွင့်ခဲ့တာ။ အဲ့ဒါကြီးက ထွက်လာလာချင်း ကျွန်တော့်သူငယ်ချင်းကို ဂုတ်ချိုးလိုက်တယ်။ ကျန်တဲ့သူတွေကိုလဲ သူလိုက်သတ်နေတယ်။" "ဟေ့ ဘရမ်စိုင်း သူ့မျက်လုံးတွေကြည့် သူ ဆေးသုံးထားတယ်။ ဆေးသုံးပြီး ထင်ချင်ရာထင် မြင်ချင်ရာမြင်နေတာ ဖြစ်မယ်။" "မဟုတ်ဘူး ကျွန်တော် တကယ်ပြောနေတာ။ ကျွန်တော် ဒီအိမ်ထဲက ထွက်ချင်တယ်။" "အေး မင်း ထွက်ရမှာပါ။ ငါတို့နဲ့ အခု လိုက်ခဲ့။ အပေါ်က ငါ့လူတွေရဲ့ အော်သံကြားတယ်။" "မလိုက်ချင်ဘူး။ ဒီအိမ်မှာ မကောင်းဆိုးဝါးရှိတယ်။ ကျွန်တော်ကြောက်တယ်။ ကျွန်တော့်ကို ထွက်ပေါက်ပဲပြပါ။" ဘရမ်စိုင်း စိတ်တိုသွားသည်။ ထို့ကြောင့် ထိုလူငယ်အား လက်နောက်ပြန် လက်ထိပ်ခတ်၍ "စောမူး သူ့ကို အပြင်ခေါ်သွားလိုက်။ ကျွန်တော် အပေါ်တက်ကြည့်လိုက်ဦးမယ်။" "မင်းတစ်ယောက်ထဲလား" "အင်း" "အေး ဂရုစိုက်ဦး။ ဟေ့ကောင် မင်းလာခဲ့ ငရှုပ်ကောင်တွေ" စောမူးနဲ့ထိုလူငယ် ဝင်လာခဲ့သည့် ပြတင်းပေါက်ဘက် ပြန်ထွက်သွားတော့ ဘရမ်စိုင်း အပေါ်ထပ်သို့ သတိကြီးစွာ ထား၍တက်ခဲ့သည်။